Weebly Site
 

ပုံပြင်(၁)

ဆေးရုံရဲ့အခန်းတစ်နေရာမှာ အသက်ယဲ့ယဲ့လေးရှုနေတဲ့ အဘိုးအိုတစ်ဦး လဲလျောင်းနေခဲ့တယ်။
လူ့ဘဝနောက်ဆုံးအချိန်လေးမှာ အဘိုးအိုက သူ့ရဲ့အိုမင်းရွတွနေတဲ့လက်နဲ့ အဘွားအိုရှိရာဘက် ကမ်းလိုက်တယ်။ ရာစုနှစ်တစ်ဝက်လောက် ကိုယ့်အပေါ်ဂရုစိုက်ကြင်နာခဲ့သူကို သူကျေးဇူးတင်နေမိတယ်။ မကြာခင် ဒီလောကကြီးကနေ သူထွက်သွားရတော့မယ်။ ထွက်မသွားခင် အဘွားအိုရဲ့အကြင်နာ၊ ကရုဏာကို အသိအမှတ်ပြုရာရောက်အောင် ပြီးတော့ ကိုယ်လည်းစိတ်ချလက်ချ သွားနိုင်အောင် ရင်ထဲက လျှို့ဝှက်ချက်တစ်ခုကို ပြောပြဖို့ သူဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့် လျှို့ဝှက်ချက်ကိုမပြောခင် အဘွားအိုက တုန်ရင်ရင်လက်နဲ့ သူ့ပါးစပ်ကို အသာအယာလေးပိတ်ပြီး "အချစ်ရဲ့ဘာလျှို့ဝှက်ချက်တွေမှ ကျွန်မ မလိုဘူး။ အချစ်ရဲ့အကြီးမားဆုံးလျှို့ဝှက်ချက်ကကျယ်ပြန့်တဲ့လူ့ပင်လယ်မှာ ရှင်နဲ့ကျွန်မသိခဲ့တယ်၊ ချစ်ခဲ့တယ်၊ တစ်ယောက်လက်ကို တစ်ယောက်တွဲပြီး နေပူမိုးရွာမရှောင်အရာရာကို အနှစ်(၅ဝ)ကျော် ရင်ဆိုင်ခဲ့တာပဲဖြစ်တယ်.." အဘွားအိုရဲ့စကားကြောင့် အဘိုးအို မျက်ရည်ကျမိတယ်။နောက်ဆုံး အဲဒီလျှို့ဝှက်ချက်ကို ရင်ထဲထည့်ပြီး လောကကြီးထဲ သူထွက်ခွါသွားခဲ့တယ်။

ပုံပြင်(၂)

ဟိုးရှေးရှေးတုန်းက မြို့တစ်မြို့ကလူတွေဟာ အခြားမြို့ကလူတွေနဲ့ စစ်ဖြစ်ခဲ့ကြတယ်။ စစ်ပွဲကနှစ်အတော်ကြာခဲ့တယ်။ ဒီမြို့နှစ်မြို့မှာ တစ်မြို့ကတောင်ကုန်းပေါ်မှာရှိပြီး တစ်မြို့က လွင်ပြင်မှာရှိခဲ့တယ်။ တောင်ကုန်းပေါ်မှာရှိတဲ့မြို့က ရက်စက်တဲ့အကြံတစ်ခုထုတ်ပြီး ကိုယ့်တောင်ကုန်းပေါ်မှာရှိတဲ့ ဆည်ကိုဖွင့်ချလိုက်တယ်။ ဆည်ကိုဖွင့်ချလိုက်တယ်ဆိုရင်ပဲ လွင်ပြင်မှာရှိတဲ့မြို့က ရေလွှမ်းသွားပြီး အော်ဟစ်ငိုညည်းသံတွေနဲ့ သေကြေပျက်ဆီးကြရတော့မယ်။ဒီလိုအခြေအနေမှာ မြို့စားမင်းက လှေတွေနဲ့ ရေနစ်သူတွေကိုကယ်ဖို့ အမိန့်ထုတ်လိုက်တယ်။ ဒါပေမယ့် လှေအစီးရေ မများတဲ့အတွက်လူတချို့ကိုပဲ ကယ်စေခဲ့တယ်။ မြို့စားမင်းက မိန်းမနှစ်သက်သူဖြစ်တာကြောင့် မိန်းမတွေကိုပဲ ကယ်စေခဲ့တယ်။အဲဒီမိန်းမတွေက သူတို့နှစ်သက်တဲ့ပစ္စည်းတစ်ခုကိုပဲ ယူရမှာဖြစ်တယ်။

နှစ်သက်တဲ့ပစ္စည်းတစ်ခု ဆိုတာကြောင့် မိန်းမအများက လက်ဝတ်လက်စား၊ ရွှေငွေ၊ ကျောက်သံ ပတ္တမြားတွေယူပြီး လှေပေါ်တက်ကြတယ်။မိန်းမတစ်ယောက်တည်းပဲ သူ့ယောက်ျားကိုထမ်းပြီး လှေပေါ်တက်တော့ ရဲမက်တွေက "လှေပေါ်ကို မိန်းမတွေပဲတက်ခွင့်ရှိတယ်။ ယောက်ျားတွေ မတက်ရဘူး" လို့ဆိုတယ်။ "ကိုယ့်အကြိုက်ဆုံးပစ္စည်းတစ်ခု ယူခွင့်ရှိတယ်ဆိုလို့ ဒါဟာ ကျွန်မအကြိုက်ဆုံးအရာမို့ပါ" လို့မိန်းမကပြန်ပြောပါတယ်။ အဲဒီရေဘေးမှာ ယောက်ျားတစ်ဦးပဲ အသက်ရှင်ကျန်ရစ်ခဲ့တယ်။ အဲဒီမိန်းမရဲ့ ယောက်ျားပဲဖြစ်တယ်။

ပုံပြင်(၃)

ဒီပုံပြင်ကတော့ တီဗီအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ ဒီအစီအစဉ်က ယောက်ျားသားတွေကမျက်စိကို အဝတ်စည်းပြီး ကိုယ့်မိန်းမကို ရွေးထုတ်ရမယ့် ကစားနည်းဖြစ်တယ်။

ဒီကစားနည်းမှာ လင်မယားစုံတွဲ (၆)တွဲ ပါဝင်ခဲ့တယ်။ ယောက်ျား(၆)ဦးက မျက်စိကို အဝတ်စည်းပြီး မိန်းမ(၆)ဦးရဲ့လက်တွေကို သွားစမ်းရတယ်။ ပြီးမှ ကိုယ့်မိန်းမကို ရွေးထုတ်ရတယ်။ ရှေ့ယောက်ျား(၃)ဦး မမြင်မစမ်းနဲ့ စမ်းတော့ ပရိသတ်တွေက တဝါးဝါးပွဲကျကြတယ်။

(၄)ယောက်မြောက်မှာ အစီအစဉ်တင်ဆက်သူက အရင်အတိုင်း သူ့မျက်စိကို အဝတ်စနဲ့စည်းပြီး နေရာမှာတင် (၃)ပတ် ပတ်ခိုင်းလိုက်တယ်။ ပြီးမှ မိန်းမ(၆)ယောက်ကို ရွေးစေခဲ့တယ်။ အဲဒီလူကပထမမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ သုံးလေးစက္ကန့်အတွင်းမှာ "ဒါ ကျွန်တော့်မိန်းမ မဟုတ်ဘူး" လို့ဆိုတယ်။နောက် ဒုတိယမိန်းမရှေ့ရပ်ပြီး လက်ကိုကိုင်ကြည့်တယ်။ ဒီတစ်ကြိမ်ကိုင်တာ အချိန်နည်းနည်း ပိုကြာတယ်။ ဆယ်စက္ကန့်ကြာတော့ "ဒါ ကျွန်တော့်မိန်းမ"လို့ သူကဆိုတယ်။

တင်ဆက်သူက သူ့မျက်နှာပေါ်ကအဝတ်စကို ဖြုတ်ပေးလိုက်တယ်။ တကယ်ပဲ ဒုတိယအမျိုးသမီးကသူ့မိန်းမဖြစ်နေခဲ့တာကြောင့် ပရိသတ်ဆီက လက်ခုပ်သံတွေ သူရခဲ့တယ်။ တွေဝေမှုမရှိဘဲ ကိုယ့်မိန်းမကိုရွေးထုတ်နိုင်ခဲ့တဲ့သူ့ကို တင်ဆက်သူက "ဒီလောက်ထိ တိကျအောင် ရွေးထုတ်နိုင်ခဲ့တာ ဘာလျှို့ဝှက်ချက်များ ရှိလို့လဲ" လို့မေးတယ်။

အဲဒီအချိန်မှာ သူက "ဘာလျှိုဝှက်ချက်မှ မရှိပါဘူး။ လက်ရဲ့ခံစားချက်နဲ့ ကျွန်တော်ရွေးခဲ့တာပါ။ အိမ်ထောင်သက် (၁ဝ)နှစ်အတွင်းမှာ ကျင့်သားရခဲ့တဲ့ လက်ခံစားချက်ကြောင့်ပါ" လို့ ဆိုပါတယ်။ နောက်ခံပိတ်ကားပေါ်မှာသူ့မိန်းမရဲ့မျက်နှာက မျက်ရည်အဝဲသားနဲ့ ထင်ဟပ်လာခဲ့တယ်။ (၁ဝ)နှစ်လုံးလုံး မဖြုတ်ခဲ့တဲ့တွဲလက်ကြောင့်လက်ရဲ့ခံစားချက်နဲ့ လူအများကြားမှာ ကိုယ့်မိန်းမကို သူရွေးထုတ်နိုင်ခဲ့ပါတယ်။
                                                                      မူရင်း---- http://share.youthwant.com.tw
                                                                                  နိုင်းနိုင်းစနေ ဘာသာပြန်သည်။
 
 
သူများ သနားတာ မခံယူတတ်တဲ့ငါဟာ နင့်ရဲ့ သနားဂရုဏာတွေကို မက်မောစွာ လိုချင်တယ်… ဒေါသတကြီးနဲ့ အော်ဟစ်တတ်တဲ့ စရိုက်ကို မကြိုက်ဘူးဆိုပေမယ့် ငါ့ရဲ့ နမော်နမဲ့ ချွတ်ချော်မှုများစွာကို အားမလိုအားမရစွာ တဖျစ်တောက်တောက် အော်ဟစ်တတ်တဲ့ နင့်ရဲ့ ဒေါသသံတွေက င့ါအတွက် နားဝင်ချိုစေတယ်… လွတ်လပ်မှုကို သိပ်မြတ်နိုးတဲ့ င့ါရှေ့မှာ သဘောထားကြီးချင်ယောင်ဆောင်ထားတဲ့ နင့်ဆီက နင့်အလစ်အငိုက်မှာ ထွက်ပေါ်လာတတ်တဲ့ သ၀န်တိုမှု ၊ ချုပ်နှောင်မှုတွေကို နှစ်သက်တယ်… ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်လုပ်သင့်တာ လုပ်ရမယ်ဆိုတဲ့ ငါ က နင့်ရဲ့ဆုံးမ သြ၀ါဒတွေကို နာယူကျင့်သုံးချင်တယ်… ကိုယ့်ကိုယ်ကိုသာ အားကိုးရာပဲဆိုဆို တချို့သော ဆုံးဖြတ်ချက်တွေမှာ နင့်ရဲ့ ထောက်ခံအားပေးမှုကိုလိုအပ်တယ်… တခြားသူတွေရဲ့ ညည်းညူသံတွေကို နားထောင်ပေးဖို့ အမြဲအဆင်သင့်မဖြစ်တဲ့ ငါက နင့်ရဲ့ ရင်ဖွင့်သံတွေကို နားဆင်ပေးဖို့ မအားဘူးဆိုတဲ့ အချိန်ဟာ မရှိသလောက်ရှားတယ်… စိတ်အဆင်မပြေမှုတွေနဲ့ ရင်ဆိုင်ရတိုင်း “ရတယ်.. ဘာမှ မဖြစ်ဘူး” လို့ တခြားသူတွေကိုပြောတတ်တဲ့ ငါ က နင့်ရှေ့မှာ ငိုချတတ်ဖို့ကိုတော့ ဘယ်တော့မှ ၀န်မလေးတတ်ဘူးပေါ့… ဘ၀ဆိုတဲ့ မိုးကောင်းကင်ကြီးမှာ ပျံသန်းရင်း…ခြေကုန်လက်ပန်းကျလို့ ခရီးတစ်ထောက်နားချင်တဲ့ အခါတိုင်း … အေးချမ်းတဲ့ အရိပ်နဲ့အတူ နားခိုခွင့်ပေးတဲ့ သစ်ပင်နဲ့တူသောနင့်ကို … အရမ်းကျေးဇူးတင်တယ်…….။            
                                     
                                                                                                                                                                             ရေးသားသူ-
မိုးထက်အိမ်
 
 
နူးညံ့သော တံခါးခေါက်သံနှင့်အတူ အခန်းတံခါးသည် ဟဟလေး ပွင့်သွား၏။ ထိုတံခါး၏နောက်ကွယ်မှာ ကျွန်တော်၏ပတ်ဝန်းကျင်က လူတွေနဲ့ အနည်းငယ်ကွဲပြားပြီး မျက်နှာဝိုင်းဝိုင်း မေးရိုးခပ်မြင့်မြင့်၊ နှုတ်ခမ်းပါးပါးလေးဖြင့် ချောမောလှပသော မျက်နှာလေးတစ်ခု ပေါ်လာသည်။ ထိုနှုတ်ခမ်းလေးသည် ပြုံးနေသည်ဟု ထင်ရသည်။ အခန်းထဲသို့ ၀င်လိုက်သောအခါ မွှေးပျံ့ချိုအီသောရနံ့သည် လေထဲတွင် လှိုက်မျောနေ၏။ ထိုအခန်းလေးထဲတွင် စားပွဲတင်မီးဆိုင်းလေးတစ်ခု ထွန်းထားပြီး မီးဆိုင်းလေး၏ အနီရောင်ဇာလွှာလေးမှ ယိုထွက်လာသော အနီရင့်ရင့်အလင်းတို့သည် နံရံများဆီသို့ ဖြာကျနေကြသည်။ ထိုနံရံများပေါ်မှာ အနီရောင်ဆန်သော ဓါတ်ပုံများစွာ ချိတ်ဆွဲထားပြီး လူတစ်ယောက်၏ ပုံစံအမျိုးမျိုးကို အဝေးအနီးမှနေ ရိုက်ကူးထားသော ပုံများသာ ဖြစ်ကြသည်။ အခန်းလေးသည်ကား အနီရောင်အလင်းအနုအဖျော့များဖြင့် လှပစွာ ငြိမ်သက်နေပါသည်။

ထိုအလင်းတို့သည် သူ၏ချောမွတ်သော မျက်နှာပေါ်ကို ၀ဲကျနေသည့်အခါ စွဲမက်ဖွယ်ကောင်းသည့် ညို့အားကို မီးမြိုက်လိုက်သလိုပင်။ ကျွန်တော်သူ့ကို ရီဝေေ၀ပြန်ကြည့်သည့်အခါ သူသည် သူ၏ညို့ဓါတ်တွေဖြင့် ကျွန်တော့်ကို ဖမ်းယူဖို့ ကြိုးစားသည်။ ကျွန်တော်စကားပြောဖို့ ကြိုးစားမိပြီး “မိုး” ဟု ခပ်တိုးတိုးလေး ခေါ်မိလိုက်သည်။ သူ၏ခပ်ရှရှလက်ချောင်းလေးတွေက ကျွန်တော့်နှုတ်ခမ်းလေးကို နူးညံ့စွာထိတွေ့လိုက်ပြီး ကျွန်တော်ပြောချင်သည့် စကားလုံးတွေအားလုံးကို ကျွန်တော့်နှလုံးသားထဲကို ပြန်ရိုက်သွင်းလိုက်သည်နှင့်တူသည်။ ကျွန်တော်ရုန်းမရတော့။ သူ့ခြေရင်းက အနီရောင်ကော်ဇောပေါ်ကို ကျွန်တော် လဲကျသွားမိတော့သည်။

ထို့နောက် မမြင်နိုင်သည့် အားတွေဖြင့် ကျွန်တော့်ကို ပွေ့ဖက်ထားလိုက်သည်။ နှင်းဆီသွေးရောင်လွှမ်းသည့် သူ့နှုတ်ခမ်းပါးပါးလေးအောက်မှာ ကျွန်တော်အသက်ရှူမှားကုန်သည်။ သူရဲ့အထိအတွေ့ကြားမှာ ကျွန်တော့်နှလုံးသွေးတွေသည် ရဲရဲနီလာ၏။ အနီရောင်တွေလွှမ်းနေသည့် သူ့ခန္ဓာကိုယ်တစ်ခုလုံးဖြင့် နီးကပ်သွားသောအခါ ကျွန်တော့်ကမ္ဘာကြီးတစ်ခုလုံးသည် ချာချာလည် သွားတော့သည်။

အိပ်မက်တစ်ခုလား။ အနီရောင်တွေ လွှမ်းနေသည့် ဗိမ္မာန်တစ်ခုလား။ ကျွန်တော်သေသေချာချာ မသိတော့။ ကျွန်တော်နိုးထလာသည့်အချိန်မှာ သူသည် ကျွန်တော့်ကို တင်းကျပ်စွာ ဖက်ထားသည်။ မာဆတ်ဆတ် သူ့ရဲ့လက်ချောင်းလေးများသည် ကျွန်တော့်ရဲ့ ဆံနွယ်တွေကြားထဲကို ပြေးလွှားဆော့ကစားနေသည်။ ကျွန်တော့်သူ့ကို မော့ကြည့်လိုက်သည့်အခါ သူသည် နှစ်လိုဖွယ်အပြုံးဖြင့် ကျွန်တော့်နဖူးလေးကို ဖွဖွလေးနမ်းသည်။ ထိုအနမ်းသည် နဖူးမှသည် ကျွန်တော့် ပါးပြင်ပေါ်ကို ရှိန်းခနဲ ကျလာသည်။ ကျွန်တော့်ပါးပြင်တွေပေါ်မှသည် ကျွန်တော်လည်ချောင်းလေးဆီကို နွေးခနဲ ရောက်သည်။ ကျွန်တော့်လည်ချောင်းလေးတွေမှတဆင့် ကျွန်တော့်အသည်းနှလုံးထဲကို ကျင်ခနဲရောက်သွားသည်။

“ချစ်တယ်”

ကျွန်တော်သူရဲ့ပါးလေးကို မထိတထိကပ်လိုက်ရင်း သူကြားရုံမပွင့်တပွင့်လေး ပြောလိုက်သည်။

ကျွန်တော့်စကားသံကြောင့် အခန်းထဲကအနီရောင်တို့သည် မှိန်ခနဲဖြစ်သွားသည်။ ကျွန်တော် သိသော အနီရောင်ပိုင်ရှင် မိုး၏အပြုံးတို့သည် ခပ်မဲ့မဲ့လေးဖြစ်သွားသည်။ ထို့နောက်မိုးသည် ကြက်သွေးရောင် မှီအုန်းလေးတစ်ခုပေါ် ခပ်ရဲ့ရဲ့လေးထိုင်ပြီး ပြုံးဖို့ကြိုးစားသည်။ ဒါပေမယ့် မိုး၏အပြုံးတွေသည် ခန္ဓာကိုယ်ဓါးချက်ထိပြီး ပျက်နေသည့် မြွေတစ်ကောင်လို အသက်မပါတော့။ ဘာဖြစ်လို့လဲ။ ကျွန်တော် ဘာမှားသွားလို့လဲ။ ကျွန်တော်သူ့ကို မေး၏။ အဖြေအစား နာကျင်နေသည့် သူ၏အပြုံးတွေသာ ကျွန်တော်ထပ်ရလိုက်တော့သည်။

မိုးရဲ့အပြုံးတွေကြားမှာ အားငယ် အထီးကျန်သည့် ပင့်သက်ရှိက်ခတ်မှုတွေသည် စီးမျောနေကြသည်။ ကျွန်တော် သူ့ရဲ့ အထီးကျန်ဆန်မှုတွေကို အဝေးဆုံးကို သယ်ယူသွားချင်ပေမယ့် သူသည် သယ်ယူခွင့် မပြုခဲ့….။

“မင်းကို တစ်ယောက်တည်း.. ကျွန်တော် ဘယ်တော့မှ မထားခဲ့ပါဘူးကွာ…. ”

“တစ်ယောက်တည်း……”
မိုးသည်တိုးတိုးလေး ရေရွတ်လိုက်ရင်း ရယ်လေသည်။ တစ်ယောက်တည်းဆိုသည့် စကားသည် သူ့အတွက် ရယ်စရာတစ်ခုများလား။

“ကိုကလည်း…. မိုးကို သည်လိုပဲ ပြောခဲ့ဖူးတယ်။ မိုးကို တစ်ယောက်တည်း ဘယ်တော့မှ မထားခဲ့ပါဘူးတဲ့… အခုတော့လည်း …. မိုး……တစ်ယောက်တည်းပါပဲ”

မိုးသည် တစ်ခုခုနာကျင်နေဟန်ဖြင့် တိုးတိုးလေးပြောသည်။ သူပြောသော မိုးရဲ့“ကို”ဆိုသည်မှာ သူ၏အချစ်ဦးတစ်ယောက်ဖြစ်ခဲ့ဖူးသည်။ ဒါပေမယ့် ကျွန်တော်က သူ့ရဲ့ အချစ်ဦးလို သူ့ကိုတစ်ယောက်တည်း ပစ်ထားခဲ့မှာ မဟုတ်…။ သူယုံလာအောင် ကျွန်တော် ဘယ်လိုသက်သေပြရမလဲ….။ သူသည် ကျွန်တော့်ဘက်ကို ခေါင်းလေးငဲ့လိုက်ရင်း တိုးတိုးလေးပြောသည်။

“မိုးက ဗမာလူမျိုးတစ်ယောက်ပါ….။ ဗမာဆန်တဲ့ မိုးကို…. ဘယ်လောက်ထိ သည်းခံပြီး ပေါင်းနိုင်မှာလဲ…။ မိုးတို့ နှစ်ယောက်ကြားမှာ မတူညီတဲ့ အတိုင်းအတာ တစ်ခုကို ဘယ်လို ဖြည့်ဆည်းနိုင်မှာလဲ…….။ မိုးက တရုတ်စကားလည်း မပြောတတ်ဘူး…..။ အဲလက်စ်ရဲ့ ပတ်ဝန်းကျင်မှာ မိုးရပ်တည်ဖို့လည်း ခွန်အားတွေ မရှိတော့ဘူး။”

ကျွန်တော် သူ့ရဲ့ လက်ကလေးကို ယုယစွာ ထွေးပွေ့လိုက်ရင်း…….

“ကျွန်တော်က….. မိုးရဲ့ ရည်းစားဟောင်းလို ယဉ်ကျေးမှုမတူညီတာလေး တစ်ချက်နဲ့ နောက်ဆုတ်လိမ့်မယ်လို့ မင်းထင်လို့လား….။ ကိုယ်တို့နှစ်ယောက်ကြားမှာ ပြောစရာ အကြောင်းအရာတွေ နည်းပါးပြီး ခြောက်ကပ်နေမယ်လို့ မိုး…. ထင်လို့လား။ ကိုယ့်ရဲ့ ယဉ်ကျေးမှုကလည်း အာရှကပါပဲ… မင်းရဲ့ ယဉ်ကျေးမှုကလည်း အာရှကပါပဲ….။ ကိုယ်တို့တတွေမှာ တူညီတာတွေ အများကြီး ရှိကြပါတယ်ကွာ……။”

ကျွန်တော် သူ့ကိုပြောလိုက်သည့်အချိန်မှာ ကြမ်းပြင်ပေါ်မှာ ထွန်းညှိထားသည့် အနီရောင်ဆီမီးခွက်မှ မီးလျှံလေးသည် လေထိလိုက်သလို ယိမ်းခနဲ ဖြစ်သွားသည်။ မိုးသည် မီးလျှံလေးကို လက်ညိုးလေးဖြင့် ထိဖို့ကြိုးစား၏။ ပျော်ဝင်နေသော ဖယောင်းစတို့ကို လက်သည်းခွံလေးဖြင့် ဖဲ့ယူ၏။ မိုး၏ လက်သည်းခွံလေးတွင် အနီရောင်ဖယောင်းစက်တို့သည် စေးကပ်ပြီး ပါလာသည်။ ထိုဖယောင်းစက်လေးများကို စုပြီး လုံးလိုက်သည့်အခါ ညီညာပြောင်ချောသော အနီရောင် ဖယောင်းစက်လုံးလေး ဖြစ်သွားသည်။

“အဲလက်စ်ရယ်…… ကိုနဲ့ မိုးနဲ့…. မတူညီတဲ့ ယဉ်ကျေးမှုကို ညှိယူဖို့ကြိုးစားခဲ့ဖူးတယ်။ အခု.. ကိုယ်ယူလိုက်တဲ့ ဖယောင်းစလေးလိုပဲ….အရည်ပျော်နေတဲ့ ဖယောင်းစလေးကို ယူချင်လျင် အပူဒဏ်ကို ခံရမယ်……။ ကိုယ်လိုချင်တဲ့ ပုံစံရဖို့ ဒီဖယောင်းစလေးကို ပူနေတဲ့ အချိန်မှာ ပုံသွင်းရမယ်။ ပုံသွင်းပြီးလျင်လည်း ကိုယ်လိုချင်တဲ့ ပုံစံလေးအတိုင်း ကြာရှည်ခံဖို့ အခြောက်ခံရဦးမယ်။ အဲသည်လိုအခြောက်ခံဖို့ အချိန်ယူရဦးမယ်…..။ မိုးတို့နှစ်ယောက်စလုံးက အပူဒဏ်လည်းခံပြီးပြီ….။ ပုံစံလည်း သွင်းပြီးပြီ…။ ဒါပေမယ့် ကို့ဆီမှာ…… အချိန်ယူပြီး အခြောက်ခံဖို့ စိတ်မရှည်ခဲ့ဘူး….။ အဲလက်စ်ဆီမှာရော အဲသည်လို စိတ်ရှည်ရှည်နဲ့ စောင့်နိုင်ဖို့ အချိန်ရရဲ့လား…..။ ဒို့နဲ့ အဲလက်စ်က အသက်ရှစ်နှစ်တောင် ကွာတယ်နော်……။ အဲလက်စ်က ရင့်ကျက်ပေမယ့် ဒို့က အဲလက်စ်လောက် မရင့်ကျက်သေးဘူး။ ဒို့နှစ်ယောက်ကြားမှာ အသက်ကွာဟမှုက အခုလို ဖယောင်းစက်လေး ခြောက်သွေ့သွားမယ့်အချိန်လို စောင့်နိုင်ဖို့ခက်တယ်……. မိုးရွေးချယ်ခဲ့ဘူးတဲ့ မိုးရဲ့ ချစ်သူကအဲသည်အတွက် စိတ်မရှည်ခဲ့ဘူးလေ….။ မိုးလည်း နောက်ထပ်တစ်ယောက်ကို အချိန်ကာလတစ်ခုပေးပြီး ဖယောင်းစက်လေး ခြောက်ဖို့ နောက်ထပ် အချိန်ထပ်မယူချင်တော့ပါဘူး….။”

မိုးကို ကျွန်တော် စိုက်ကြည့်လိုက်မိသည်။ ကျွန်တော် သူ့အတွက် ဘာမဆို စိတ်ရှည်စွာ ဖန်တီးယူဖို့ သေချာသည်။ ကျွန်တော် သူ့ကို ပျော်အောင်ထားချင်သည်။ သူ ကျွန်တော့်ထက် အများကြီးငယ်သောကြောင့် သူဆိုးသမျှဒဏ် ကျွန်တော် ခံဖို့အသင့်ပါပဲ။

“အသက်ကွာဟမှုက အဓိကကျလို့လားကွာ…. တစ်ယောက်နဲ့တစ်ယောက်ချစ်ကြရင် အသက်ကွာဟမှုက အရေးမပါပါဘူး…. နားလည်မှုက အဓိကပါ”

“မိုးလည်း အဲသည်လို ထင်ခဲ့တာပဲ….. နောက်တော့လည်း အချစ်ပြယ်သွားတဲ့အခါ အသက်ကွာဟမှုက တရားခံဖြစ်သွားကြတာပဲ…”

မိုး…. ဘာကို ကြောက်နေတာလဲ….။ အသက်ကွာဟမှုကို မိုး.. စိုးထိတ်နေတာလား။ ဒါမှမဟုတ် နာကြင်ခဲ့ရသော မိုးရဲ့ နှလုံးသားတွေသည် နောက်ထပ်နာကြင်မှုတွေ တိုးလာမှာကို ကြောက်ရွံနေမိတာလား။ မိုးသည် အရင်တုန်းက ချစ်သူကိုပဲ စောင့်မျှော်နေချင်မိတာလား။ ကျွန်တော်မိုးရဲ့ လက်ဖ၀ါးလေးကို ဖြစ်ညှစ်လိုက်မိသည်။

အရင်တုန်းက မိုးရယ် ကိုရယ်… ကျွန်တော်ရယ် သုံးယောက်စလုံး ပျော်ရွှင်စွာ အချိန်များစွာကို ဖြတ်သန်းခဲ့ဘူးသည်။ ထိုအချိန်တုန်းက မိုးသည် ပီဘိကလေးလေးတစ်ယောက်လို လွတ်လပ်စွာ ရယ်မောနိုင်ခဲ့သည်။ အခုတော့လည်း မိုးသည် ဒဏ်ရာရနေတဲ့ ငှက်ကလေးတစ်ကောင်လို ခွေခေါက်စွာ ထောင့်တစ်နေရာမှာ ပုန်းကွယ်နေဖို့ ကြိုးစားနေတာနှင့်တူသည်။

“တခါတလေ မေးလိုက်ချင်တယ်….. သိလား…… ကိုယ့်ကို အကြိမ်ပေါင်းများစွာပြောခဲ့တဲ့ ချစ်တယ်ဆိုတဲ့ သူ့စကားတွေ…. သူ့ချစ်သူသစ်ကို ဘယ်နှစ်ကြိမ်တောင် ပြောပြီးပြီလဲလို့…….”
မိုးသည် သူပြောတဲ့ စကားကို သူ့ဘာသာ သဘောကျပြီး တသိမ့်သိမ့်ရယ်လေသည်။

“အခုလောက်ဆို သူလည်း…. သူရဲ့ချစ်သူအသစ်နဲ့ပျော်နေမှာပေါ့ကွာ… မိုးအပေါ်သစ္စာမရှိတဲ့ လူတစ်ယောက်ကို ဘာလို့ဆက်ပြီးတမ်းတနေရတာလဲ…”
မိုး၏ချစ်သူသည်… မိုးကို တိတ်ဆိတ်စွာ ထားသွားသည်။ မိုးကို သူ့ရဲ့ အသက်ရှူသံတွေနဲ့ အတူ ထပ်တူချစ်ခဲ့ပါသည်ဆိုသော သူသည်… အခုတော့လည်း သူ၏ဘ၀အတွက် မိုးသည် လက်တွဲဖော်ကောင်းကောင်း မဖြစ်ခဲ့ဘူး ထင်ခဲ့၏။ သူယုံကြည်သော နောက်ထပ်လက်တစ်စုံအတွက် မိုးရဲ့ လက်အစုံကို တိတ်ဆိတ်စွာ နှုတ်ဆက်ခဲ့သည်။

“ကိုယ့်ကိုပစ်ပြီး နောက်တစ်ယောက်ရဲ့ရင်ခွင်ထဲမှာ ပျော်နေတဲ့သူ့ကို… ကိုယ်အပြစ်မမြင်ပါဘူး….. ကိုယ့်ဘက်က လိုအပ်ချက်တွေ ရှိနေလို့သာ…. ပြည့်စုံတဲ့ လူတစ်ယောက်ကို သူရှာတွေ့သွားလို့ နေမှာပါ….။ ဒါမှမဟုတ် ကိုယ်ညံ့လို့ … ကိုယ့်အချစ်တွေ တစ်ခြားတစ်ယောက်ခိုးသွားတာ ခံလိုက်ရတာလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်…. သူ့ကို အပြစ်မမြင်ရက်ပါဘူး…”

မိုးရဲ့ အသံတွေသည် တစ်ချက်တစ်ချက် တုန်ခါသွားသည်။ မိုးသည် အနီရောင်ဘောင်တွေ ကွပ်ထားသည့် မျက်နှာပိုင်ရှင်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။ နံရံပေါ်က ထိုဓါတ်ပုံတွေအတွက် ကျွန်တော်နဲ့ မိုး…. တစ်ပတ်ကြာသည်အထိ စကားမပြောဘဲ နေဖူးခဲ့သည်။ ပြီးဆုံးခဲ့သော သံယောဇဉ်လက်ကျန်တွေကို မိုးသည် ထိုဓါတ်ပုံတွေနဲ့ ပြန်ဖြည့်ဖို့ ကြိုးစားနေခဲ့သည်။ ဒါပေမယ့် မိုးထင်ထားသော သံယောဇဉ်လက်ကျန်များသည် မိုးထင်သလို မတိုးလာခဲ့။ သွေးချင်းချင်းနီနေသော ဒဏ်ရာတွေသာ တိုးလာခဲ့၏။


ဓါတ်ပုံထဲမှ မျက်မှန်တပ်ထားသောလူရွယ်၏ မျက်လုံးများသည် ကြင်နာသော နူးညံ့သော မျက်လုံးများဖြင့် မိုးကို စိုက်ကြည့်နေကြ၏။ တစ်ချိန်က ပြုံးပြနေသော ထိုလူရွယ်၏ အကြည့်တို့သည် အတိတ်၏ပုံရိပ်ပမာ စွဲကျန်နေကြပြီး……. အတူတကွ ရှိခဲ့သော အချိန်ကာလတစ်ခုကိုသာလျင် ရပ်တန့်နေသည့် နာရီပမာ ညွှန်းဆိုနေကြသည်။ အနာဂတ်တွင်ကား ထိုလူ၏ကြည်နာဖွယ်ကောင်းသော အကြည့်တို့သည် မိုးအတွက်မရှိတော့။ စူးစူးနစ်နစ်ဖြင့် မျှော်လင့်ခြင်းများစွာဖြင့် ကြည့်နေသော မိုး၏အကြည့်တို့ကို ထိုလူရွယ်ကား ပြန်၍တုန့်ပြန်လိမ့်မည်ကား မဟုတ်တော့ပါ။

ကျွန်တော်မိုးကို အားမလို အားမရ ဖြစ်လာသည်။ နာကြင်မှုတိုင်းမှာ အချိန်ကာလ သတ်သတ်မှတ်မှတ်ရှိကြ၏။ အချိန်တန်လျင် ထိုနာကြင်မှုတွေသည် အငွေ့ပါးပါးလေးလို ဖြေးညင်းစွာ ပျောက်ကွယ်သွားတတ်ကြ၏။ ဒါပေမယ့် မိုးသည် ထိုအချိန်ကာလတွေကို ဆွဲဆန့် နေချင်ခဲ့သည်။ ကျွန်တော်မိုးရဲ့ပုခုံးကို ခပ်ကြမ်းကြမ်း လှုပ်ခါမိလိုက်သည်။

“တော်သင့်ပြီမိုး…. တော်သင့်ပြီ….. ဆုံးရှံးသွားတဲ့ အရာတစ်ခုကို တမ်းတနေမယ့်အစား.. ကိုယ့်လက်ထဲမှာ ရှိတဲ့အရာတစ်ခုကို တန်ဖိုးထားသင့်တယ်….. လက်ထဲကအရာပါ ဆုံးရှံးသွားလျင်တော့ ဘာကိုမှ ပြန်ရမှာ မဟုတ်တော့ဘူးဆိုတာ… နားလည်ရဲ့လား…..”

မိုးသည် ကျွန်တော့်လက်ထဲကနေ ရုန်းထွက်လိုက်ပြီး နောက်သို့ ဆုတ်လိုက်၏။ စားပွဲပေါ်မှာ နှင်းဆီပန်းများ စိုက်ထိုးထားသော အနီဖျော့ဖျော့ပန်းအိုးလေးသည် မိုးလက်နဲ့ တိုက်မိပြီး ကျကွဲသွားသည်။ မိုးသည် ကျွန်တော့်ကို စူးရဲသည့် မျက်လုံးတွေဖြင့် တုန့်ပြန်သည်။ ကျွန်တော် ထိုအကြည့်တွေကို မုန်းသည်။ ကျွန်တော် မုန်းသည့် အကြည့်တွေကို မိုးသည် ဘာလို့ ပေးနေရတာလဲ။ မိုးသည် ချာခနဲ လှည့်သွားပြီး အတိတ်က ပုံရိပ်တွေ ချိတ်ဆွဲထားသည့် နံရံဘက်ကို လှည့်လိုက်သည်။

မိုးသည် ကျွန်တော့်ကို တိတ်ဆိတ်စွာ ကျောခိုင်းလိုက်ပါသည်။

ကျွန်တော် စိုးရိမ်စွာ နောက်ဆုတ်လိုက်ချိန်မှာ ကျွန်တော်တွန်းဝင်ခဲ့သော တံခါးတစ်ချပ်သည် ကျွန်တော့်နောက်ကျောကို အေးစက်စွာ ထိနေသည်။

“ပြန်မယ်ဆိုလျင်….. တံခါးကို ပြန်ပိတ်ပေးခဲ့ပါ။”

မိုးသည် ကျွန်တော့်ကို မကြည့်ဘဲ အေးစက်သည့် စကားလုံးတွေဖြင့် နှုတ်ဆက်သည်။

“လူတစ်ယောက်ဟာ…. သူချစ်တဲ့ ချစ်သူတစ်ယောက်ကို စွန့်ပစ်သွားဖို့ လုံလောက်တဲ့ အကြောင်းအရာတွေ ရှိလို့သာ ကျောခိုင်းသွားတတ်ကြတာ…လူတစ်ယောက်ကို ချစ်တယ်ဆိုတာ အတ္တပါတယ် မိုး…. ကိုယ်လိုချင်နေတဲ့ အရာတွေကို ကိုယ်ချစ်တဲ့လူဆီမှာ ရှိနိုင်မယ်ထင်တဲ့ မျော်လင့်ချက်တွေနဲ့ ရှာဖွေရင်း…… ရင်ခုန်ရင်း ချစ်သွားတတ်ကြတယ်…… သူလိုချင်တဲ့ အရာတွေ မရှိတော့မှန်း သိလိုက်တဲ့ တစ်နေ့မှာ အဲသည် ရင်ခုန်သံတွေကလည်း အလိုလို ရပ်တန့်သွားတတ်ကြတယ်….။ ရပ်တန့်နေတဲ့ ရင်ခုန်သံတွေကို… လှုပ်နိုးဖို့ ကြိုးစားနေတယ်ဆိုလျင်တော့…. မိုးအတွက်… ကျွန်တော်….. ဆုတောင်းလိုက်ပါတယ်….. မိုး ကံကောင်းပါစေ….”

မိုးသည် ကျွန်တော့်ကိုဖြတ်ခနဲ လှည့်ကြည့်ပြီး အနီရောင်ဓါတ်ပုံတွေကိုသာ ပြန်ပြီး မော့ကြည့်နေ၏။ မိုးရဲ့ ဖြတ်ခနဲအကြည့်မှာ မိုးရဲ့ မျက်ဝန်းတွေသည် လတ်ခနဲ ဖြစ်သွားသည်။

ကျွန်တော့်ရဲ့ စကားတွေကို မိုးနားလည်လိုက်တာလည်း ဖြစ်ချင်ဖြစ်မည်။ အရင်လိုပဲ မိုးရဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ စွန်းထင်ရစ်နေတာလည်း ဖြစ်ချင်ဖြစ်မည်။

ကျွန်တော်တံခါးကို ညင်သာစွာ ပိတ်လိုက်သည်။ တိုးညင်းသည့် တံခါးချက်ကျသံနှင့်အတူ အနီအလင်းတို့ ပျောက်ကွယ်သွားကြ၏။ တံခါးလေး၏ဟိုဘက်ခြမ်းမှာတော့ အနီရောင်အခန်းလေးသည် ဟိုး….. အရင်လိုပဲ တိတ်ဆိတ်စွာကျန်ခဲ့ပါတော့သည်။

                                                                                                                                               ရေးသားသူ- သက်ပိုင်သူ